Friday, September 21, 2012

ဒီကနေ့ခေတ်မှာ......


ဒီကနေ့ခေတ်မှာ......
ကျွန်တော်တို့ရဲ့နေအိမ်တွေ ကြီးသထက် ကြီးလာကြတယ်၊ ဒါပေမယ့် မိသားစုဝင်တွေ နည်းသထက် နည်းသွားကြတယ်။

စားဝတ်နေထိုင်ရေးတွေ အဆင်ပြေသထက် ပြေလာကြတယ်၊ ဒါပေမယ့် အချိန်တွေ နည်းသထက် နည်းသွားခဲ့တယ်။

အတန်းပညာတွေ မြင့်သထက် မြင့်လာကြတယ်၊ ဒါပေမယ့် အသိဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။


အသိပညာတွေ များသထက် များလာကြတယ်၊ ဒါပေမယ့် ဆင်ခြင်ဆုံးဖြတ်ဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။

ပညာရှင်တွေ အများကြီး ပေါ်ထွက်လာကြတယ်၊ ဒါပေမယ့် ပြဿနာတွေ ပိုပိုများလာခဲ့တယ်။

ဆေးပညာတွေ တိုးတက်သထက် တိုးတက်လာတယ်၊ ဒါပေမယ့် ကျန်းမာရေးက ချွတ်ယွင်းသထက် ချွတ်ယွင်းကြတယ်။

သုံးဖြုန်းမှု များသထက် များလာကြတယ်၊ ဒါပေမယ့် အပြုံးအရယ် နည်းသထက် နည်းသွားကြတယ်။

ကားအမြန် မောင်းကြသလို ဒေါသအထွက်လည်း မြန်ကြတယ်။

အိပ်ရာဝင်ချိန် နောက်ကျကြပေမယ့် စာဖတ်ချိန် နည်းလာကြတယ်။

အလာပသလာပတွေ များသထက် များလာကြတယ်၊ ဒါပေမယ့် တွေးတောချင့်ချိန်မှု နည်းသထက် နည်းသွားကြတယ်။

ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများသထက် များလာတယ်၊ ဒါပေမယ့် တန်ဖိုးကျသထက် ကျခဲ့တယ်။

အပြော များများပြောကြတယ်၊ ဒါပေမယ့် စေတနာပါတဲ့အလုပ် နည်းနည်းပဲလုပ်ကြတယ်။

မြင့်သထက်မြင့်တဲ့ အဆောက်အဦးတွေ ဆောက်ကြတယ်၊ ဒါပေမယ့် နိမ့်သထက်နိမ့်သွားတဲ့ EQတွေလည်းရှိတယ်။

ဟိုင်းဝေးလမ်းမကြီးတွေ ပိုကျယ်ပြန့်သထက် ကျယ်ပြန့်အောင်ဆောက်ကြတယ်၊
ဒါပေမယ့် အမြင်တွေ ပိုကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာကြတယ်။

ကျွန်တော်တို့ သုံးဖြုန်းသထက် သုံးဖြုန်းကြတယ်၊ ဒါပေမယ့် ပိုင်ဆိုင်တာတွေ နည်းသထက် နည်းလာကြတယ်။

လကမ္ဘာပေါ် ကျွန်တော်တို့ သွားနိုင်ကြပြီ၊ ဒါပေမယ့် ဘေးအိမ်က အိမ်နီးချင်းနဲ့ ကျွန်တော်တို့မခင်မင်ကြဘူး။

အာကာသတစ်ခွင်ကို ကျွန်တော်တို့ သိမ်းပိုက်စိုးမိုးလို့ရတယ်၊ ဒါပေမယ့် ကိုယ့်အတွင်းစိတ်ကမ္ဘာကိုတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်ခဲ့ဘူး။

အဏုမြူတွေကို ကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာလို့ရတယ်၊ ဒါပေမယ့် စိတ်ထဲက ဘက်လိုက်တဲ့အစွဲတွေကို ကျွန်တော်တို့ ထုတ်ဖယ်မပစ်နိုင်ခဲ့ဘူး။

ကျွန်တော်တို့ စာအများကြီး ရေးကြတယ်၊ ဒါပေမယ့် သင်ယူမှုတွေ နည်းသထက် နည်းလာကြတယ်။

ကျွန်တော်တို့ စီမံချက်တွေ အများကြီးချကြတယ်၊ ဒါပေမယ့် အောင်မြင်မှုတွေ နည်းသထက် နည်းလာကြတယ်။

အလုပ်များအောင် ကျွန်တော်တို့လုပ်ဆောင်ကြတယ်၊ ဒါပေမယ့် စောင့်ရတာကို ကျွန်တော်တို့စိတ်မရှည်ခဲ့ကြဘူး။

ကျွန်တော်တို့ရဲ့လစာတွေ များသထက်များလာကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စာရိတ္တတွေ နိမ့်သထက်နိမ့်ခဲ့ကြတယ်။

ကွန်ပြူတာတွေ ထွင်ကြတယ်၊ သတင်းအချက်အလက်တွေ ဖမ်းဆုပ်ကြတယ်၊ မိတ္တူတွေပွားများကြတယ်
ဒါပေမယ့် အချင်းချင်းပြောဆိုဆက်ဆံမှုတွေ နည်းသထက် နည်းလာခဲ့ကြတယ်။

ကျွန်တော်တို့မှာ အရေအတွက်တွေ များသထက်များလာတယ်၊ အရည်အချင်းရှိသူတွေ နည်းသထက် နည်းလာကြတယ်။

ဒီခေတ်ဟာ....

ရယ်ဒီမိတ်အစားအစာတွေ များလာပြီး အစာမကြေတဲ့ခေတ်
ကြီးမားတောင့်တင်းတဲ့ခန္ဓာကိုယ်ရှိပြီး နိမ့်ကျသေးသိမ်တဲ့ အကျင့်စရိုက်ရှိတဲ့ခေတ်
အနားယူစခန်းတွေ များလာပြီး ပျော်ရွှင်မှုတွေ နည်းလာတဲ့ခေတ်
အစားအစာမျိုးစုံပြီး အာဟာရချို့တဲ့တဲ့ခေတ်
မိန်းမရှာတဲ့ငွေ၊ ယောက်ျားရှာတဲ့ငွေနဲ့ ဝင်ငွေနှစ်ခုရှိပြီး ကွာရှင်းပြတ်စဲခြင်းများတဲ့ခေတ်
တိုက်ကြီးတာကြီးနဲ့ ခမ်းညားထည်ဝါကြပြီး ကျိုးပဲ့တဲ့ မိသားစုများတဲ့ခေတ်

ဒီလိုခေတ်ကြီးမှာ လုပ်စရာအလုပ်တွေကို ထူးခြားတဲ့ရက်၊ ထူးခြားတဲ့နေရာမှာမှလုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးမရှိဖို့
သင့်ကို ကျွန်တော်အကြံပြုပါရစေ။ အကြောင်းက သင်အသက်ရှင်နေတဲ့နေ့ရက်တိုင်းဟာ ထူးခြားတဲ့နေ့ဖြစ်လို့ပါပဲ။

စာများများဖတ်ပါ၊ အသိပညာကို လိုက်စားပါ။ သင့်အိမ်ရှေ့ဝံရတာမှာထိုင်ပြီး သဘာဝအလှကို ရူစားပါ။
မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေအတွက် အချိန်ပိုပေးပါ။ ကြိုက်နှစ်သက်တဲ့အစားအစာကို စားသုံးပါ။ ကြိုက်နှစ်သက်တဲ့နေရာဆီ ခရီးထွက်ပါ။

ဘဝဆိုတာ ရှင်သန်ဖို့ချည်းမဟုတ်ဘဲ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့ ပေါင်းစပ်ချိတ်ဆက်ထားတဲ့ ကွင်းဆက်လေးဖြစ်ပါတယ်။

သိမ်းထားတဲ့ ဝိုင်ဖန်ခွက်လှလှလေးတွေကို ထုတ်လိုက်ပါ၊ ရေမွှေးတွေကို သိမ်းထားဖို့ စိတ်မကူးပါနဲ့။
ဘယ်အချိန်ပဲဖြစ်ဖြစ် သင်သုံးချင်တယ်ဆိုတဲ့အချိန်မှာ သုံးလိုက်ပါ။

"တစ်နေ့နေ့ကျမှ" "တစ်ချိန်ချိန်ကျမှ"ဆိုတဲ့ စကားလုံးကို သင့်အဘိဓာန်ထဲကနေ ဖြုတ်ထုတ်လိုက်ပါ။ ပြီးတော့
"တစ်နေ့နေ့ကျမှ" ရေးမယ်လို့ သင့်စိတ်ကူးထားတဲ့စာကို အခုပဲ ကောက်ရေးလိုက်ပါ။ အိမ်သားတွေကို သင်ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါ။

သင့်ကို ပျော်ရွှင်မှုပေးနိုင်မယ့်၊ အပြုံးအရယ်တွေပေးနိုင်မယ့် ဘယ်အရာကိုမဆို လုပ်ဖို့ မနှောင့်နှေးပါစေနဲ့။

နေ့ရက်တစ်ရက်၊ အချိန်တစ်ချိန်၊ တစ်စက္ကန့်တိုင်းဟာ ထူးခြားမှုရှိပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မိနစ်ဟာ
သင့်ရဲ့နောက်ဆုံးအချိန်ဖြစ်မယ်မှန်း မသိလို့ပါပဲ....

facebook ပေါ်မှကူးယူတင်ပြခြင်းဖြစ်ပါတယ်။

No comments:

Post a Comment