Sunday, April 21, 2013

"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် ဘုရားဟူသည်"


"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် ဘုရားဟူသည်"
***************************************

ဘုရားဟူသည် လူစင်စစ်ကသာဖြစ်ရပါသည်။ လူမဟုတ်သော ၊ လူနှင့်မထိတွေ့နိုင်သော လူတို့မမြင်ခဲ့ရသော ကောင်းကင်ဘုံက ဖန်ဆင်းရှင်ဘုရားဟူသော လူတစ်ဦးတစ်ယောက်၏ ပြောစကားဖြင့် မှန်းဆရသော (Imaginary)၊အရာသည် ဘုရားမဟုတ်ပေ။ (Unscientific)ကျနသေချာမှုမရှိသော သိပ္ပံနည်းမကျသော လက်တွေ့မကျသော လူပြောသူပြောဖြင့် ဘုရားဟူ၍ မှန်းဆရခြင်းသည်လည်း ဘုရားမဟုတ်ချေ။ နတ်၊ ဗြဟ္မာ တို့သည်လည်း ဘုရားမဟုတ်။ နဂါး စသည့်တိရစ္ဆာန်တို့သည်လည်း ဘုရားမဖြစ်နိုင်ချေ။

ဘုရားဖြစ်လာရသည့် လူသည်လည်း မြတ်သောအမျိုးကောင်း၊ ဆွေကောင်းက ဖြစ်ရ၏။ ထင်ရှားကျော်ကြား သော မျိုးရိုးမှ လူအများတို့လေးစားခြင်းခံရသော အမျိုးမြတ်သော မိဘမှဖြစ်ရ၏။ မထင်ရှားသောလူ၊ ယုတ်နိမ့် သော လူတို့က မြတ်သောဘုရားဖြစ်ရိုးမရှိချေ။ ထို့ကြောင့် ဘုရားစစ် ဘုရားမှန်ဟူသည် သဘာဝကျကျလက်ခံ ထိုက်သော ဤအကြောင်းအရာ လက္ခဏာတို့နှင့် ပြည့်စုံရပေသည်။

မြတ်ဗုဒ္ဓသည် (ဖန်းဆင်းရှင်)ဟု ယူဆကြသော မသေချာသည့် ဘုရားမဟုတ်။ မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် (၆)သွယ် ၊ ဘုန်းတော်(၆)ပါးကို လက်တွေ့ ကိုယ်တိုင်ကျကျဖူးမြင်ကြရပြီး မြတ်ဗုဒ္ဓ၏အဆုံးအမကို လက်တွေ့ ကျင့်ကြံအားထုတ်ကြခြင်းဖြင့်(သောတာပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာ)ဖြစ်ကြခြင်း၊ (နိဗ္ဗာန်)ချမ်းသာကို ရရှိကြခြင်း၊ ကိုယ်၏ချမ်းသာမှု၊ စိတ်၏ချမ်းသာမှုတို့ကို လက်တွေ့ရကြသောကြောင့် မြတ်ဗုဒ္ဓကို (ဘုရား)အဖြစ် ဗုဒ္ဓဘာသာတို့ ကိုးကွယ်ဆည်းကပ်ရခြင်းဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် လူသားတစ်ဦးအနေဖြင့် အလွန်ထူးခြားသော ဘုန်းတန်ခိုးတော်ရှိ၏။ ဥာဏ်တော်(အနန္တ)နှင့် ပြည့်စုံတော်မူသော(မြတ်ဗုဒ္ဓ)သည် ဂုဏ်တော်ကိုးပါးနှင့်လည်း ပြည့်စုံတော်မူသောကြောင့် ဘုရားစင်စစ် ဧကန် အမှန် ဖြစ်တော်မူ၏။ မြတ်ဗုဒ္ဓသည် ဝင်းဝါစိုပြေသော အသားတော်၊ ယောက်ျားပီသသော ကိုယ်လုံးတော်၊ အရပ် အမောင်းတော်နှင့် တည်ငြိမ်အေးချမ်းသာ အသွင်ရှိခြင်း၊ ကျက်သရေရှိသော ဝင်းလက်ကြည်လင်သော မျက်နှာတော်နှင့် ထူးခြားသော အသံတော်ရှိသဖြင့် (မြတ်ဗုဒ္ဓ)အား ဖူးမြင်တွေ့ရသူတိုင်း ကြည်ညိုမြတ်နိုးမှု စွဲမြဲသွားစေပြီး စိတ်နှလုံးအေးချမ်းမှုကို ရစေပါသည်။

မြတ်ဗုဒ္ဓသည် မကျန်းမမာ၍ ပြစ်ပယ်ထားခြင်းခံရနေရသူများအား ကိုယ်တော်တိုင် လုပ်ကျွေးပြုစုတော်မူ၏။ လျစ်လျှူရှုထားခြင်း ခံရသော ဆင်းရဲသားများအား ကူညီဆောင်ရွတ်ပေးတော်မူခဲ့၏။ အမြင်မှားနေသူများအား အမြင်မှန်ရအောင် ဟောပြနိုင်ခဲ့ပါ၏။ လူဆိုး၊ လူမိုက်တို့၏ ပျက်စီးနေသော ဘဝများကို ဖြူစင်အောင် ပြုလုပ် ပေးတော်မူခဲ့ပါ၏။ ကွဲပြားနေသူများကို ညီညွတ်အောင် ပြုပြင်တော်မူခဲ့၏။ အသိဥာဏ်မဲ့နေသူများကို အသိဥာဏ်ဖွင့်ပေးခဲ့၏။ လူအများ ဥာဏ်မမှီ၍ မဖြေရှင်းနိုင်သော အရှုပ်အထွေးများကိုလည်း ဖြေရှင်းပေးတော် မူ၏။ ထို့ကြောင့် လူချမ်းသာနှင့် လူဆင်းရဲ၊ လူကောင်းနှင့်လူဆိုးများအားလုံးတို့သည် (မြတ်ဗုဒ္ဓ)ကို ထပ်တူ ထပ်မျှ ရိုသေမြတ်နိုးရှိခိုးပူဇော်၍ ကိုးကွယ်ကြကုန်၏။

(မြတ်ဗုဒ္ဓ) သည် လူတို့၏ (တဏှာ၊ မာန၊ ဒိဋ္ဌိ) အမြင်ဖြင့် ပြုလုပ်ခဲ့ကြသောလူ အဆင့်အတန်းခွဲခြားမှုကို လက်မခံပေ။ လူအဆင့်အတန်းကို အကျင့်စာရိတ္တကောင်းမှု၊ မကောင်းမှု၊ လူလိမ္မာ(လူကောင်း)နှင့် လူမိုက် ဟူ၍သာ ခွဲခြားရမည်ဟု ဟောကြားတော်မူခဲ့ပါသည်။ လူသားအားလုံးကို ကိုယ်လုပ်သမျှ ကိုယ်ခံစားကြရမည့် တန်းတူအခွင့်အရေးမျိုး ၊တန်းတူမေတ္တာ၊ ကရုဏာမျိုး ရရှိနိုင်ခြင်းသာ ဟောကြားတော်မူခဲ့ပါသည်။

မြတ်ဗုဒ္ဓသည် လူသားတို့၏ ကိုယ်ကျင့်တရားကို ကောင်းမွန်စေပြီး လူသားတို့ ကြုံတွေ့နေရသော ဒုက္ခဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းရာ ဒုက္ခမရှိရာ (နိဗ္ဗာန်)သို့ ပို့ဆောင်ပေးတော်မူပါပေ၏။ ထို့ကြောင့် လူသားတို့၏ ကောင်းကျိုးပြုဘုရားရှင်သည် မြတ်ဗုဒ္ဓမှတပါး အခြားမရှိဟူ၍သာ သိရပေမည်။

မြတ်ဗုဒ္ဓသည် သဘာဝမကျသော အခြေအမြစ်မရှိသော အကြောင်းအကျိုး မညီညွတ်သော တရားများကို မဟောပေ။(ဥပမာ) သူ့အကြောင်းအကျိုးကြောင့် ပေါ်ပေါက်ဖြစ်ထွန်းနေသော စကြာဝဠာနှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်နေသော ကမ္ဘာပေါ်ရှိ သစ်ပင်၊ တော၊တောင်၊ သဲကန္တာရ၊ ရေ၊ မြေ၊ လူ၊ တိရစ္ဆာန်တို့ကို ထာဝရဘုရား သခင် တန်ခိုးရှင် ဖန်ဆင်းရှင်က ဖန်ဆင်းပေးသည်။ အရှင်မြတ်၏ အလိုတော်အတိုင်း ဖြစ်သည်ဟု မဟောခဲ့ပေ။

ဗုဒ္ဓဘာသာသည် အချို့သော ဘာသာများကဲ့သို့ အမိန့်ကို နာခံရသည့် ကြောက်လန့်ရသည့် ၊ဖန်ဆင်းရှင်ဘုရား မရှိပေ။လူသားတို့သေသောအခါ ဘုရားသခင်၏ အဆုံးအဖြတ်အတိုင်း ငရဲနှင့် ကောင်းကင်ဘုံသို့ ရောက်ရမည် ဟူ၍ လူသားတို့၏ ကံကြမ္မာကို ထိန်းချုပ်ကြိုးကိုင်ကာ တဖက်သတ်အပြစ်ဒဏ်ခတ်ခြင်း၊ ဆုလာဘ်ပေးခြင်းများ ပြုလုပ်နေသည်ဆိုသော ကောင်းကင်ဘုံမှ တန်ခိုးရှင် ဘုရားရှင်ဟူ၍ မှန်းဆရသော တကယ်မရှိသော ဖန်ဆင်းရှင်ဘုရားဆိုသူအား ခယကျိုးနွံမှုမျိုးကိုလည်း မပြုလုပ်ရပေ။ ဗုဒ္ဓဘာသာသည် မိမိပြုသမျှကောင်းကျိုး ဆိုးကျိုးကို မိမိသာ စံစားခံစားရသည့် ကံ၊ ကံ၏တရားသာဖြစ်၏။ ကိုယ့်အသိဥာဏ်နှင့် ချင့်ချိန်၍ ယုံကြည် ကိုးကွယ်စေရပါသည်။

သဘာဝမကျသော ၊ အခြေအမြစ်မရှိသော စကားဖြင့် ငါဘုရားက လူသားအားလိုံးကို ကောင်းကင်ဘုံသို့ ကယ်တင်မည်။ ငါဘုရားမကြိုက်လျှင် အရှင်မြတ်၏ အလိုတော်အတိုင်း အပါယ်ငရဲချမည်ဟူ၍လည်း မြတ်ဗုဒ္ဓက မဟောပေ။ အခြေအမြစ်မရှိသော သဘာဝမကျသော ကောင်းကင်ဘုံက ထာဝရဘုရား၊ဖန်ဆင်းရှင်တန်ခိုးရှင် ဘုရားကိုမှန်းပြီး ကိုးကွယ်ရမည်ဟူလည်း မြတ်ဗုဒ္ဓက မဟောပေ။ မဟာဗြဟ္မဟူသော ကောင်းကင်ဘုံမှ နတ်ကို ကိုးကွယ် ရမည်ဟူလည်း မြတ်ဗုဒ္ဓက မဟောပေ။

မြတ်ဗုဒ္ဓသည် မိမိကိုယ်တိုင် ကယ်တင်ခြင်းခံရသူဟူ၍ မဟောပေ။ အခြားသူများကိုလည်း ကယ်တင်ခြင်းခံရ မည်ဟူ၍လည်း မဟောပေ။ မြတ်ဗုဒ္ဓက တပည့်ရဟန်းများနှင့် လူပုဂ္ဂိုလ်တို့အား သံသရာဝဋ်ဆင်းရဲခြင်း(ဒုက္ခ) အပေါင်းတို့မှ လွတ်မြောက်စေခြင်းအကျိုးငှာ သူတစ်ပါးကို အားထားဘို့မသင့်၊ မိမိကိုယ်သာ အားကိုးကြ။ ကောင်းအောင်ပြုကြရန် ညွှန်ပြပေးတော်မူပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးမှုနှင့် ကိုင်တိုင်ကြိုးစား အားထုတ်ကြရန်ကိုသာ ဟောကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓကို ကိုးကွယ်သူများသည် မိမိအား(ဗုဒ္ဓ)က ကယ်တင်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်နှင့် ကိုးကွယ် ကြခြင်းမဟုတ်ပေ။ မြတ်ဗုဒ္ဓကလည်း ကယ်တင်မည်ဟု အာမခံချက်မပေးပေ။ မြတ်ဗုဒ္ဓအား မျက်စေ့မှိတ် ယုံကြည် ကိုးကွယ်ကြရန်ကိုလည်း မြတ်ဗုဒ္ဓက မတောင်းဆိုပေ။ မြတ်ဗုဒ္ဓက ညွှန်ပြသည်မှာ မိမိကောင်းမှု အကြောင်းပြုဖြင့် ကိုယ့်ကိုကိုယ် ကင်တင်ရမည်။ ကမ္ဘာလောကကြီး၌ အကြောင်းအကျိုး(Cause and Effect) သာရှိသော သဘောတရားကို သိနားလည်ပြီးဆင်ခြင်တတ်ကြရန်၊ အကြောင်းအကျိုးဖြစ်သော (ကံ-ကံ)၏ တရားကို နားလည်ကြခြင်းဖြင့် အမှန်တရားကို သိနားလည်ကြစေရန် အမှန်မြင်တရား(သမ္မာဒိဋ္ဌိ) ကိုသာ ဟောပြခဲ့တော်မူပါသည်။

မြတ်ဗုဒ္ဓသည် လူသတ္တဝါတို့ ယူဆနေကြသော ကိုယ့်ကိုကိုယ်မြဲသည်(နိစ္စ)၊ ကိုယ့်ကိုကိုယ်ချမ်းသာသည်ဟု ယူဆနေကြသော (သုခ)၊ ကိုယ့်ကိုကိုယ်(အတ္တ)ကောင်၊ (ငါ)ကောင်ဟူ၍ ယူဆပြီး ကြီးနိုင်ငယ်ညှင်းပန်းနှိပ်စက် မှုဖြင့် လူလူချင်းသတ်ဖြတ်နေကြသည့် အမြင်မှား(ဒိဋ္ဌိ)ကိုပယ်စေပြီး၊ အတ္တ(ငါ) ကောင်မဟုတ်၊ (ငါ)ကောင်ဟု ယူဆနေကြသော ကိုယ်ခန္ဓာသည် အမြဲဖောက်ပြန်၍ မတည်မြဲခြင်း၊(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)၊ကိုယ့်ကိုကိုယ် မပိုင်သော၊ ကိုယ့်အလိုမဖြစ်သော(အနတ္တ) တရားတို့ကို ဟောကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓ၏တရားတော်များသည် စိတ်စင်ကြယ်စွာ နေထိုင်ခြင်းဖြင့် ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းကို ရနိုင်ကြောင်း၊ ကမ္ဘာပေါ်ရှိ လူသတ္တဝါတို့ ခံစားနေကြရသော ဒုက္ခဆင်းရဲအပေါင်းတို့သည်(အတ္တ)လွန်ကဲသည့် တစ်ကိုယ်ကောင်းဆန်မှု(လောဘ)၊ မကျေနပ်မှု(ဒေါသ)၊ မသိမှု(မောဟ)တို့မှဖြစ်ရကြောင်း၊ ထိုအတ္တဆန်မှု (လောဘ)နှင့် မကျေနပ်မှု(ဒေါသ) ၊ အကြောင်းအကျိုးမသိမှု(မောဟ)ကို ရပ်တန့်အောင်ကြိုးစားပါက ကြီးမြတ်သောသူ၊ ကိုယ်စိတ်(၂)ပါးချမ်းသာသောသူဖြစ်နိုင်ကြောင်း၊ မိမိတို့၏ ခန္ဓာကိုယ်ကြီးသည် (ရုပ်)အစု၊ နာမ်-အစုတို့ဖြင့် ဖွဲ့စည်းထားရာ၊ ကိုယ့်ကိုကိုယ်ကြည့်၊ ကိုယ့်အကြောင်းကိုယ်သိအောင် ခန္ဓာကိုယ်၌ရှိသော (ရုပ်နာမ်)တို့၏(ဖြစ်ပျက်)နေမှု (အသိဥာဏ်)ကိုရရှိအောင် ကြိုးစားကြခြင်းဖြင့် မကောင်းမှု(အကုသိုလ်)တို့မှ လွတ်မြောက်ပြီးကောင်းမြတ်သော အေးငြိမ်းသော (နိဗ္ဗာန်) ချမ်းသာကြီးကို ရနိုင်ကြောင်း ဟောကြားခဲ့ပါသည်။

ဗုဒ္ဓဝါဒသည် မြတ်ဗုဒ္ဓဟောကြားသည့်(ကမ္မဝါဒ)ဟုဆိုအပ်သော ကံကံ၏ တရားကိုယုံကြည်ကြရပါသည်။ မကောင်းသော ပြုလုပ်မှုကို (ကိုယ်)ဖြင့်လည်းကောင်း၊ (နှုတ်)ဖြင့်လည်းကောင်း၊ (စိတ်)ဖြင့်လည်းကောင်း၊ မပြစ်မှားမိကြစေရအောင် ရှောင်ကြဉ်ကြရပေသည်။ မိမိတို့၏လုပ်ဆောင်သော အကောင်းအဆိုးကံတရား အတိုင်း မိမိတို့သည် အကောင်းလုပ်မိလျှင် စံစားကြရပြီး၊ အဆိုးလုပ်မိလျှင် မကောင်းမှုဒဏ်ကို ခံကြရသည်ကို ယုံကြည်ကြပါသည်။(ဝီရိယဝါဒ)ဟူသော လောကီကောင်းစားရေး၊ လောကုတ္တရာကောင်းစားရေး(နိဗ္ဗာန်) ချမ်းသာမှုရရန်(ဝီရိယ)ကို အဖော်ပြုကြပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment